ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ နယ်မြေအတွင်းရှိ လေးကေ့ကော်မြို့သစ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ အမြှောက်ကုန်းတွင် အလံဖြူထောင်ထားကြောင်း မြေပြင်တွင် တိုက်ပွဲ၀င်နေသည့် တော်လှန်ရေးစစ်သားများက ဆိုသည်။
“ ဒီနေ့နံနက်ပိုင်းကစပြီး အလံဖြူထောင်ထားတယ်။ သိပ်မကြာဘူး ၁၂ နာရီလောက်မှာ ရဟက်ယာဉ် ၄ စီးနဲ့ ဖလူးလေး နဲ့ စလုံးစခန်းဖက်ကို ဗုံကြဲတိုက်ခိုက်နေတယ်။ “ ဟု မြေပြင်တွင် တိုက်ပွဲ၀င်နေသည့် တော်လှန်ရေးစစ်သားတစ်ဦးကဆိုသည်။
လက်ရှိ အချိန်ထိ ဖလူးလေးဒေသတဝှိုက်ကို Mi 35 ရဟက်ယာဥ်များဖြင့် အကြမ်းဖက်စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်လျှက်ရှိကြောင်း သိရသည်။
ဇန်နဝါရီ ၁၃ ရက်နေ့တွင် ဖလူးဒေသရှိ တိုက်ပွဲများတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်သား ၆ ဦးသေဆုံးပြီး ၇ ဦးထက်မနည်း ဒါဏ်ရာများရရှိခဲ့သည်။
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ဖလူးကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်များက မွန်းတည့် ၁၂နာရီ အချိန်တွင် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်လာကြောင်း မြေပြင်တပ်ဖွဲ့များ၏ အဆိုအရသိရသည်။
ဇန်နဝါရီလ ၁၂ ရက်နေ့ ညနေပိုင်းမှစတင်ကာ ဖလူးဒေသရှိ DKBA ဗိုလ်စလုံးစခန်းကို အကြမ်းဖက်စစ်ကောင်စီတပ်များက လက်နက်ကြီးများ၊ လေယာဉ်များဖြင့် အပြင်းအထန်ထိုးစစ်ဆင်လာသလို ခြေလျင်တက်များဖြင့်ပါ တိုက်စစ်ဆင်လာခဲ့သည်။