နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အကြမ်းဖက်စစ်တပ်က မတရားစွဲဆိုထားသည့် အမှု သုံးခု အတွက် ယနေ့တွင်အမိန့်ချရန်ရှိသော်လည်း လာမည့် ဒီဇင်ဘာလ၆ရက်နေ့သို့ ရွှေဆိုင်းလိုက်ကြောင်း ရှေ့နေ အသိုင်းအဝိုင်းမှ သိရသည်။
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံတော်သမ္မတ၊ ဒေါက်တာမျိုးအောင်တို့သုံးဦးတို့အပေါ်စွဲဆိုထားသည့် သဘာဝဘေးန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ၂၅ နှင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ၅၀၅(ခ)တို့အတွက် ယနေ့နိုဝင်ဘာလ ၃၀ ရက်နေ့တွင် အမိန့်ချရန် မူလက လျာထားခဲ့ကြောင်း သိရသည်။
သို့သော် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် နေပြည်တော်သို့ ခရီးသွားလာနိုင်သည့် ကျန်းမာရေး အခြေအနေ ရှိလာပြီဖြစ်သည့်အတွက် ဒေါ်အောင်ဆန်းစုကြည်အတွက် သက်သေထွက်ဆိုရန် လာရောက်မည် ဖြစ်သဖြင့် အမှု အမိန့်ချရန် ရွှေ့ဆိုင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဒေါက်တာဇော်မြင့်မောင်ကို လာမည့်ရုံးချိန်းတွင် ရောက်ရှိစေရန်အတွက် ဆင့်ခေါ်ရန်နှင့် အမှုဆုံးဖြတ်မည့် ရုံးချိန်းကို ဒီဇင်ဘာလ ၆ ရက်နေ့သို့ ရွှေ့ဆိုင်းခဲ့ကြောင်း သိရသည်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတနှင့် အစိုးရ အဖွဲ့ဝင်များကို အကြမ်းဖက်စစ်တပ်က ဖေဖော်ဝါရီလ၁ရက်နေ့ကတည်းက ဖမ်းဆီးထားခြင်းဖြစ်ပြီး ပုဒ်မမျိုးစုံဖြင့် တရားစွဲဆိုထားခဲ့သည်။
ပုဒ်မ ၅၀၅-ခ အမှုသည် ဒေါ်အောင်ဆန်စုကြည် အပါအဝင် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များအား အကြမ်းဖက်စစ်တပ်က ဖမ်း ဆီးပြီးနောက်မှ ထွက်ပေါ်လာသည့် ကြေညာချက် ၂ စောင်နှင့် ပတ်သက်ပြီး တာဝန်ရှိသည်ဟုဆိုကာ တရားစွဲဆိုထားခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်ကို အကြမ်းဖက်စစ်တပ်က အဂတိလိုက်စားမှု တိုက် ဖျက်ရေး ဥပဒေဖြင့် အမှု ၄ မှု ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၇၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-ခ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၂၅၊ အစိုးရလျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃-၁(ဂ) နှင့် ဦးထွန်းမြင့်အောင်(ခ)ညီညီဆိုသူက သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဥပဒေ ပုဒ်မ ၂၅ ဖြင့် သီးခြား တရားစွဲ ဆိုမှု ၁ မှုတို့ အပါအဝင် စုစုပေါင်းအမှု ၁၀ မှုဖြင့် တရားစွဲဆိုထားသည်။