မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ မင်းတံတားရပ်ကွက်မှ ဆိုင်ကယ်တက္ကစီသမားတစ်ဦးဖြစ်သူ အသက်၄၉နှစ်အရွယ် ကိုစိုးနိုင်ကို အကြမ်းဖက်စစ်တပ်က နိုဝင်ဘာလ၁၅ရက် နေ့နံနက်ပိုင်းတွင် အကြောင်းမဲ့ ဖမ်းဆီးသွားခဲ့ပြီး နေအိမ်ရှိပစ္စည်းများကို လုယက်သွားခဲ့ကြောင်းသိရှိရသည်။
တော်လှန်ရေး လှုပ်ရှားမှုနှင့် ပတ်သက်ဆက်နွယ်ခြင်း မရှိသည့် အဆိုပါ ကိုစိုးနိုင်၏ နေအိမ်သို့ လက်နက်အပြည့်စုံပါဝင်သည့် အကြမ်းဖက်စစ်တပ်မှ စစ်ကား၆စီးက နံနက် ၉နာရီခန့်တွင် လာရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နေအိမ်မှ မိသားစုဝင်များ၏ ဖုန်းသုံးလုံးနှင့် ငွေ၁၅သိန်းကိုလည်း ယူဆောင်သွားခဲ့ကြကြောင်း ၎င်းနှင့် နီးစပ်သူတစ်ဦးကဆိုသည်။
“ မနေ့ကကိုစိုးနိုင် ရှိလား ဆိုပြီးမေးပြီး လက်ထိပ်ခတ်ပြီး ဖမ်းဆီးသွားတာ။ ဘာလို့ရှာတယ် ဘာလို့ဖမ်းတယ် ဆိုတာတော့ ပြောသွားတာမျိုးလည်း မရှိဘူး။ ပြီးတော့ လက်ရှိအချိန်ထိ ဘယ်မှာ ဖမ်းထားတာလဲကို မသိရှိရသေးပါဘူး” ဟု ၎င်းနှင့် နီးစပ်သူတစ်ဦးက MPAသို့ ပြောသည်။
ကိုစိုးနိုင်သည် လက်ရှိအချိန်တွင် နိုင်ငံရေးနှင့် ပတ်သက်သော လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက် နေခြင်းမရှိကြောင်း ၎င်းက ပြောသည်။
“သူက အခုကာလမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ဆက်သွယ်တာမျိုးတော့ မရှိဘူးပေါ့။ အစောပိုင်းကာလတွေမှာ ဆန္ဒပြခဲ့တာတော့ ရှိချင် ရှိမှာပေါ့။ အဲဒါကို သူ့နာမည်နဲ့ အတည်အကျကို ရောက်လာတာဆိုတော့ တစ်ယောက်ယောက်က ဒလန်လုပ်လိုက်တာနေမှာ” ဟု၎င်းကဆိုသည်။
ကိုစိုးနိုင်ကိုဖမ်းဆီးသွားသည်မှာ ၂၄နာရီကျော်ကြာမြင့်ပြီးဖြစ်ပြီး မည့်သည့်နေရာသို့ ရောက်ရှိနေသည်ကို မိသားစုများက သိရှိခြင်း မရှိသေးပေ။
အမျိုးသမီးနှင့် ကလေးများမှာ အကြမ်းဖက်စစ်တပ် ထပ်မံရောက်ရှိလာပြီး ဖမ်းဆီးမှုများ ပြုလုပ် မည်ကို စိုးရိမ် ကြောက်လန့်နေကြသဖြင့် ရှောင်တိမ်းနေရကြောင်း အိမ်နီးချင်းအချို့ထံမှ သိရသည်။
“သူ့မိန်းမဆို အခုချိန်ထိ စကားပြောရင် အသံတွေတုန်ပြီး ကြောက်တဲ့အနေအထားမှာ ရှိနေတယ်။ ပြီးတော့ ရဲစခန်းသွားဖို့လည်း ကြောက်နေကြ တာပေါ့” ဟု အိမ်နီးချင်းတစ်ဦးကဆိုသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ၁၄ရက်နှင့် ၁၅ရက်နေ့များတွင် မိုးကုတ်မြို့ပေါ်တွင် မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ဗုံးခွဲတိုက်ခိုက်ခြင်းများကြောင့် အကြမ်းဖက်စစ်တပ်မှ သေဆုံးမှုများရှိနေကြောင်း ပတ္တမြားမြေ ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
လက်တလောတွင်မူ မိုးကုတ်မြို့ပေါ်၌ အကြမ်းဖက်စစ်တပ်က နေရာအနှံ့အပြားတွင် နေရာယူ ထားကြကြောင်း သိရသည်။
အကြမ်းဖက်စစ်တပ်သည် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှု ကျူးလွန်ပြီးချိန်မှစ၍ ၎င်းတို့ကို ဆန့်ကျင်သည့်သူများကို၊ ဆက်နွယ်သူများကို အကြောင်းမဲ့ ဖမ်းဆီးစစ်မေးခြင်းများ ပြုလုပ်ကြရုံမက နှိပ်စက်သတ်ဖြတ်မှုများလည်း ရှိခဲ့သည်။
#မိုးကုတ်ဆိုင်ကယ်တက္ကဆီသမား #အကြောင်းမဲ့ဖမ်းဆီးခြင်းခံရ #MPA