အကြမ်းဖက်စစ် ခေါင်းဆောင် မင်းအောင်လှိုင်သည် စင်ကာပူဆိုင်ရာ မြန်မာသံအမတ်အဖြစ် ဒုစရဖချုပ် ဗိုလ်ချုပ် သန်းထွဋ်သိန်းကို ခန့်အပ်ရန် စင်္ကာပူအစိုးရထံသို့ တင်ပြထားသော်လည်း လက်ရှိအချိန်ထိ လက်ခံခြင်း မရှိသေးကြောင်း စင်ကာပူဆိုင်ရာ သံတမန်အသိုင်းအဝိုင်းမှ သိရသည်။
မင်းအောင်လှိုင်က သူ၏ အယုံကြည်ရဆုံးလူယုံတစ်ဦးဖြစ်သည့် ဒုတိယ တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်ဗိုလ်ချုပ်သန်းထွဋ်သိန်းကို လက်ရှိ စင်္ကာပူဆိုင်ရာ မြန်မာသံအမတ် ဦးဌေးအောင်နေရာတွင် ခန့်အပ်ရန် ကြိုးပမ်းနေမှုကို သံတမန် အသိုင်းအဝိုင်းတွင် ဝေဖန်မှုများလည်း ရှိနေကြောင်း စုံစမ်းသိရှိရသည်။
၂၀၂၁ ဇန်နဝါရီတွင်ပြုလုပ်ခွင့်မရရှိခဲ့သည့် ပြည်သူ့လွှတ်တော် တပ်မတော်သား အစုအဖွဲ့ကို ဦးဆောင်မည့်သူမှာ ဗိုလ်ချုပ်သန်းထွဋ်သိန်း ဖြစ်ပြီး ဒုတိယ စစ်ဖက်ရေးရာ အရာရှိချုပ်ဖြစ်ကာ ဗိုလ်ချုပ်သန်းထွဋ်သိန်းသည် စစ်တက္ကသိုလ် အပတ်စဉ် ၂၇ ဆင်းတစ်ဦးဖြစ်ကြောင်း ပြည်သူ့လွှတ်တော်၏ အချက်အလက်များအရသိရသည်။
ဦးဌေးအောင်မှာ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်တက္ကသိုလ် တစ်ပါတ်စဉ်ထဲ ဆင်းဖြစ်ကြောင်း အတည်ပြုနေဆဲ သတင်းအချက်အလက်အချို့အရ သိရသည်။
“ မင်းအောင်လှိုင်ကျိုင်းတုံမှာတိုင်းမှုးလုပ်တုန်းက သန်းထွဋ်သိန်း က စရခ ဂျီဝမ်း သင်တန်းဆင်းအရည်အချင်း အားနည်း ချက်ကြောင့် တပ်မမှုးမဖြစ်ပေမဲ့ မင်းအောင်လှိုင်က သူတပည့်ကိုမရရအောင် စရခ အတွင်းမှာပဲ ဗိုလ်မှုးချုပ်၊ ဗိုလ်ချုပ် အဆင့်ရအောင်ပေးထားသူ၊ အင်မတန်စိတ်ချယုံကြည်ရသူကို အချက်အခြာကျတဲ့ ပွဲစားလုပ်ပေးနေတဲ့နေရာမှာ တာဝန်ပေးလိုက်တာပေါ့” ဟု ဒုတိယဗိုလ်ချုပ်ကြီး ( ငြိမ်း) တဦးကပြောသည်။
စင်္ကာပူသည် မြန်မာထိပ်တန်းဗိုလ်ချုပ်များနှင့် ခရိုနီများ၏ ခိုလှုံရာနေရာ အဖြစ် နှစ်ပေါင်းများစွာ တည်ရှိနေခဲ့ပြီး ဆေးကုသရန်နှင့် အနားယူရန် စင်္ကာပူသို့ မကြာခဏ သွားရောက်ကြသည်။
ယခင်စစ်အုပ်စု အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေလည်း စင်္ကာပူတွင်ပင် ဆေးကုခံခဲ့ပြီး အခြား စစ်ခေါင်း ဆောင် အများအပြားသည်လည်း စင်္ကာပူတွင် အိမ်များ ဝယ်ယူထားကြသည်။ ထို့ပြင် စင်ကာပူနိုင်ငံသည် ၁၉၉၀ အလွန်နှစ်များက စစ်အစိုးရအတွက် ငွေကြေးခဝါချရာနှင့် ကြားခံစီးပွားရေးအဆက်အသွယ်များ ချိတ်ဆက်ရာ နိုင်ငံတစ်ခုလည်း ဖြစ်ခဲ့သည်။
ထို့ပြင် ဗိုလ်ချုပ် သန်းထွဋ်သိန်းသည် အာဏာသိမ်းမှု ဖြစ်စဉ်များတွင် အစောဆုံး ပါဝင်ပတ်သက်နေသူ ဖြစ်နိုင်ကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းကသုံးသပ်ထားသည်။
ဒုတိယ တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဗိုလ်ချုပ်အဖြစ် တာဝန်ယူနေစဲဖစ်သည့် ၂၀၁၇ခုနှစ်ကလည်း ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် ပတ်သက်ပြီး နိုင်ငံတွင် အမြင့်ဆုံး လုံခြုံရေးအဖွဲ့အစည်းဖြစ်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ(ကာ/လုံ) အစည်းအဝေးခေါ်ယူရန် ရှိကြောင်း မီဒီယာများရှေ့တွင် နှစ်ကြိမ်တိုင် ထုတ်ဖော်ပြောခဲ့သူလည်း ဖြစ်သည်။
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ်များကို အရေးပေါ်အခြေအနေကြေညာပြီး စစ်ဖက်အုပ်ချုပ်ခွင့်ရရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရကို ဖိအားပေးတင်ပြခဲ့သည့် စစ်ခေါင်းဆောင်များတွင်လည်း သူအပါအဝင် ဖြစ်သည်။
ထို့ပြင် ဦးသိန်းစိန်အစိုးရလက်ထက်တွင် ငြိမ်းချမ်းရေးကော်မရှင်တွင် ပါဝင်ခဲ့ခြင်း မရှိသည့် ၎င်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွင်မူ ငြိမ်းချမ်းရေးကော်မရှင်တွင်ပါဝင်ပြီး ရှေ့ဆက်မရသည့် ငြိမ်းချမ်းရေး ဖြစ်စဉ်များတွင် ထဲထဲဝင်ဝင်ပတ်သက်မှု ရှိခဲ့သည်။
မြန်မာနိုင်ငံ အကျပ်အတည်းကို ကိုင်တွယ်ရန် စင်ကာပူသည် အရေးပါသော နေရာတွင် ရှိနေကြောင်း အမေရိကန် နိုင်ငံခြားရေး အကြီးတန်းအရာရှိက သူ၏ စင်ကာပူနိုင်ငံ ခရီးစဉ်အတွင်း ပြောဆိုခဲ့ဖူးသေးသည်။