အကြမ်းဖက်စစ်တပ်၏ နှိပ်စက်သည့်ဒဏ်များကြောင့် အောက်တိုဘာလ၁ရက်နေ့တွင် ကျဆုံးခဲ့ရသော နေပြည်တော်သပိတ်ခေါင်းဆောင် ကိုရန်ပိုင်၏နာရေးကို အောက်တိုဘာလ၂ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကွေ့ကြီးသုဿန်တွင် ပြုလုပ်ခဲ့သည်။
ကိုရန်ပိုင်သည် မေလ၂ရက်နေ့တွင်စစ်တပ်၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး စစ်ကြောရေးတွင် နှိပ်စက်သည့်ဒဏ်များကြောင့် ကလီစာများပျက်စီးသွားခြင်းနှင့် ဆိုးရွားလာသည့် ကျန်းမာရေးအခြေအနေများကြောင့် နေပြည်တော် တပ်မတော်ကုတင်၁၀၀၀ဆေးရုံတွင် ဆေးကုသမှုခံယူနေရင်း အောက်တိုဘာလ၁ရက်နေ့ နံနက်ပိုင်းတွင် သေဆုံးခဲ့ခြင်းဖြစ်သည်။
“ သားရဲ့နာရေးကို ကွေ့ကြီးသုဿန်များပြုလုပ်ခဲ့ပါတယ်။ အခုတော့အားလုံးပြီးသွားပါပြီ ” ဟု ကိုရန်ပိုင်၏မိခင်ဖြစ်သူကပြောသည်။
ကိုရန်ပိုင်၏နာရေးကို မိသားစုဝင်များနှင့် မိတ်ဆွေအနည်းငယ်ဖြင့် ပြုလုပ်ပြီး နေပြည်တော် ကုတင်၁၀၀၀ဆေးရုံမှ သုဿန်အထိ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းများ လိုက်ပါခဲ့သည်ဟုသိရသည်။
ကိုရန်ပိုင်သည် အကျဉ်းထောင်အတွင်း ရောဂါဝေဒနာကို ဆိုးရွားစွာ ခံစားခဲ့ရပြီးသည့်အခါတွင်မှ ဆေးရုံတက်ရောက်ခွင့်ရရှိခဲ့ပြီးရက်အနည်းငယ်အကြာတွင် ယခုကဲ့သို့ သေဆုံးခဲ့ရခြင်းဖြစ်သည်။
“မသေခင်မှာ ကျမသူ့ကို သုံးရက်လောက်သွားပြုစုရသေးတယ်။ စကားမပြောနိုင်ဘူး။ နံရိုးတွေအက်နေတယ်။ အတွင်းကလီစာတွေ ပျက်စီးနေပြီ။ အတော်ကိုနှိပ်စက်ထားတာပါ။ သေတော့ ဆေးစာမှာရောဂါကြောင့်ဆုံးတယ်ပဲ ရေးထားတာပေါ့” ဟု ကိုရန်နိုင်၏မိခင်ကပြောသည်။
အကြမ်းဖက်စစ်တပ်သည် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးပြီး စစ်ကြောရေးစခန်းများသို့ ပို့ဆောင်ကာ သေဆုံးသည်အထိ နှိပ်စက်လျက်ရှိသည်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ၏ စက်တင်ဘာလ၁ရက်နေ့အထိ ထုတ်ပြန်ထားသော စာရင်းများအရ စစ်တပ်သည်အပြစ်မဲ့ပြည်သူ ၁၁၀၀ကျော်ကို သတ်ဖြတ်ထားပြီး ၈၄၀၀ကျော်ကို ဖမ်းဆီးထားသည်။