By MPA
မုံရွာမှ ပရဟိတနယ်လှည့်ဆေးကုသနေသည့် ဆရာ၀န်တစ်ဦးအပါအ၀င် ၃ ဦးကို အကြမ်းဖက်စစ်ကောင်စီက စက်တင်ဘာ ၂၄ ရက်နေ့ တွင် ဖမ်းဆီးခဲ့ပြီး လက်ရှိအချိန်တွင် မည်သည့်နေရာတွင် ဖမ်းဆီးထားကြောင်းကို မသိရသေးကြောင်း နီးစပ်သူများထံမှ သိရသည်။
ဖမ်းဆီးခံရသူများမှာ ဒေါက်တာ ဇော်ထွယ်အောင်ဖြစ်ပြီး ယင်းနှင့်အတူ ဆိုင်တွင်ရှိသည့် လူငယ်အလုပ်သမားတစ်ဦးနှင့် ယောက်ဖတော်စပ်သူတစ်ဦးတို့ဖြစ်သည်။
မုံရွာမြို့နယ် ၊ ပါရမီလမ်း၊ချမ်းမြ၀တီ ရပ်ကွက်ရှိ မနောဥယျာဥ်စားသောက်တွင် စက်တင်ဘာ ၂၄ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်၌ စစ်ကောင်စီ၏ တပ်များကလာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်။
“ အိမ်ကို စစ်ကားသုံးစီးနဲ့ နာမည်အတိအကျနဲ့လာရှာတယ်။ ဘာလို့ဖမ်းလဲဆိုတာကိုမေးတော့ နောက်တော့သိရမှာပေါ့ဆိုပြီး ပြန်ပြောခဲ့တယ် “ ဟု မိသားစု၀င် တစ်ဦးက ဆိုသည်။
ကျန်းမာရေး မကောင်းဖြစ်နေသော ဒေါက်တာဇော်ထွယ်အောင် ဖမ်းဆီးခံရချိန်တွင် အကြမ်းဖက်စစ်တပ်များက အိမ်ကိုလိုက်လံရှာဖွေရာ ဆေးကုသခြင်းနှင့် ပတ်သက်သည့် ဆေးအိတ်နှင့် ဆေးတစ်ချို့သာတွေ့ရှိသော်လည်း သိမ်းဆည်းသွားခဲ့ကြောင်း မိသားစု၀င်ကဆိုသည်။
ဒေါက်တာ ဇော်ထွယ်အောင်သည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းတိုက်ပွဲများကြောင့် ဘေးလွတ်ရာသို့တိမ်းရှောင်လာသူများကို ပရဟိတဆေးကုသပေးနေသူတစ်ဦးဖြစ်သည်။
#မုံရွာ#Dr_ဇော်ထွယ်အောင် #MPA #ဖမ်းဆီး