မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်မှ ပျူစောထီးခေါင်းဆောင်ဟု လူသိများသည့် မင်းခန့်ဆိုသူကို အထက်မြန်မာပြည်အထက်ပိုင်းမှ အဖွဲ့သုံးဖွဲ့ပူးပေါင်းပြီး ရှင်းလင်းသုတ်သင်လိုက်သည်။
စက်တင်ဘာလ၁၉ရက်နေ့ညပိုင်းတွင် ရေစကြိုမြို့နယ်၊ မအူတောင်ကျေးရွာရှိ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ပျူစောထီးအဖွဲ့မှ ခေါင်းဆောင်တစ်ဦးဖြစ်သူ မင်းခန့််ကို မြောင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့၊ နှလုံးလူမိုက်ကြီးများအဖွဲ့နှင့် မြင်းမူလျှပ်စီးအဖွဲ့တို့ ပူးပေါင်းပြီးသုတ်သင်ခဲ့ခြင်းဖြစ်သည်။
“သူကပျူခေါင်းဆောင်ဆိုပြီး နာမည်ကြီးတယ်ပေါ့။ အဓိကကတော့ အိမ်တွေကို လိုက်ပြတာတို့၊ လမ်းကြောင်းတွေ ပြပေးတာတို့တွေလုပ်တာမျိုးရှိတယ်။ ရေစကြိုမှာ တစ်ခုခုဆို ဖွတာသူပဲလေ ” ဟု မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့မှ ပြန်ကြားရေးတာဝန်ရှ်ိသူက ပြောသည်။
မင်းခန့်သည် ဩဂုတ်လ၁၉ရက်နေ့က ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ကို စစ်တပ်မှ ဝင်ရောက်စီးနင်းခဲ့ရာတွင် ဦးဆောင်လမ်းပြပေးခဲ့သူဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ စခန််းစွန့်ခွာခဲ့ရကာ လက်နက်နှင့် ပစ္စည်းများသိမ်းဆည်းခြင်းခံခဲ့ရသည်။
ပျူစောထီးအဖွဲ့ဝင်များကို ရှင်းလင်းသုတ်သင်ရေးလုပ်ငန်းများကို မြန်မာပြည်အထက်ပိုင်းတွင် ခပ်စိပ်စိပ်ပြုလုပ်လျက်ရှိသည်။ ပျူစောထီးများကို ရှင်းလင်းရာ၌ ၎င်းတို့တွင် လက်နက်များရှိနေပြီး ပြန်လည်ပစ်ခတ်မှုများ ပြုလုပ်နေသည်ဟု တော်လှန်ရေးအဖွဲ့များက ဆိုသည်။
အကြမ်းဖက်စစ်တပ်မှ ပြန်ကြားရေးတာဝန်ရှိသူ ဇော်မင်းထွန်းက ပျူစောထီးအဖွဲ့ကို ဖွဲ့စည်းထားခြင်းမရှိကြောင်း၊ မည်သူ့ကိုမျှ
လက်နက်တပ်ဆင်ပေးထားခြင်းမရှိကြောင်း သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ငြင်းဆိုထားသည်ကိုတွေ့ရသည်။