လှိုင်သာယာမြို့နယ်နှင့် မရမ်ကုန်းမြို့နယ်ကို ဆက်သွယ်ထားသည့် ဘုရင့်နောင်တံတားပေါ်တွင် လုံခြုံရေး စောင့်နေသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို လူငယ်အချို့က ဝင်ရောက်ပစ်ခတ်ခဲ့သည့်အတွက် စစ်သားတစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။
“ပစ်ခတ်မှုဖြစ်တာပါ။အပြန်အလှန်သူပစ်ကိုယ်ပစ် ပစ်ကြတာပါ။စစ်တပ်ဘက်က တစ်ယောက်သေသွားပါတယ်။”ဟုလှိုင်သာယာမြို့နယ်မှလူငယ်တစ်ဦးကအတည်ပြုMPAသို့ပြောကြားသည်။
ဒီကနေ့နံနက် ၈နာရီဝန်းကျင်တွင် လုံခြုံရေးတပ်သားများနှင့် လူငယ်အချို့အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးစစ်တပ်မှ တစ်ဦးသေဆုံးကာဒဏ်ရာရရှိသူများလည်းရှိသည်ဟုသိရသည်။
လက်ရှိအချိန်တွင် ဘုရင့်နောင်တံတားပေါ်တွင် လုံခြုံရေးတင်းကြပ်ထားပြီး စစ်သားအများအပြားလုံခြုံရေးယူထားကြောင်းသိရသည်။
အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သော်လည်း ဝင်ရောက်တိုက်ခိုက်ခဲ့သည့်လူငယ်များ ဖမ်းဆီးခံရခြင်းဒဏ်ရာရရှိခြင်းများမရှိကြောင်းသိရသည်။၊
လှိုင်သာယာမြို့နယ်သည် ယခုလတ်တစ်လောတွင် စစ်အာဏာရှင်ကိုဆန့်ကျင်သောလူငယ်အများအပြားနေ့စဥ်ဖမ်းဆီးခြင်းခံနေရသောမြို့နယ်ဖြစ်သည်။
လက်ရှိအချိန်တွင် စစ်တပ်အနေဖြင့်ရန်ကုန်မြို့၏မြို့နယ်အများအပြားတွင် ပိုက်စိပ်တိုက်ရှာဖွေခြင်း လုံခြုံရေးတင်းကြပ်ထားခြင်းများပြုလုပ်လျက်ရှိနေကာ လူငယ်အများအပြားကိုလည်းနေ့စဥ်ဖမ်းဆီးလျက်ရှိသည်။