အကြမ်းဖက် စစ်ကောင်စီက တရားစွဲထားသည့် ဝါရင့် သတင်းစာဆရာ ဦးစည်သူအောင်မြင့်ကို သြဂုတ်လ ၁၆ရက်နေ့က စစ်ကောင်စီတပ်များက ဖမ်းဆီးလိုက်ကြောင်း ၄င်းနှင့်နီးစပ်သူတစ် ဦးထံမှ သိရသည်။
ဗဟန်းမြို့နယ်ရှိ တိုက်ခန်းတစ်ခု တွင် စစ်ကောင်စီတပ်များမှ ဧည့်စာရင်း စစ်ဆေးရန်ဟုဆိုကာ ဝင်ရောက်ရှာဖွေ ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်းသိရသည်။
” တစ်နေ့ညက သူတို့အိမ်ကို ဧည့်စာရင်းစစ်မယ် ဆိုပြီး ဝင်ရှာတယ်။ ဝင်ရှာပြီးဖမ်းသွားတယ်။ ဧည့် စာရင်းမတိုင်လို့ ဖမ်းသွားတယ်ထင်လို့ စောင့် ကြည့်နေတာ ခုထိပြန်မလွှတ်တော့ဘူး” ဟု ၄င်း ၏ မိတ်ဆွေတစ်ဦးက MPAသို့ပြောသည်။
ထို့ပြင် ၄င်းနှင့်အတူ BBC Media Action ” ခံစား ကြည့်” အစီအစဥ်တင်ဆက်သူ မထက်ထက်ခိုင် ပါ ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
စစ်အာဏာသိမ်းပြီးနောက် ဦးစည်သူအောင်မြင့်သည် အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် စစ်ကောင်စီ၏လုပ်ရပ်များအပေါ် ဝေဖန်သရော်စာများ ရေးသားခဲ့သဖြင့် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(က)ဖြင့် စစ်ကောင်စီက တရားစွဲဆိုထားခြင်းဖြစ်သည်။
၄င်းတို့နှစ်ဦးအား စစ်ကောင်စီတပ်များက ဖမ်းဆီး ခေါ်ဆောင်သွားပြီးနောက် မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရှိရသေးကြောင်း နှင့် ယနေ့ထိ ဆက်သွယ်၍မရရှိသေးကြောင်း သိရသည်။
စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီမှ ပြည် တွင်းမီဒီယာ ၈ ခုထိ ထုတ်ဝေခွင့်ပိတ်သိမ်းခဲ့ပြီး သတင်းမီဒီယာသမား ၈၀ ကျော် ဖမ်းဆီးထားကာ ဇွန်လ ၃၀ရက်နေ့က အကျဥ်းသား ၂၀၀၀ ကျော် ပြန်လည်လွှတ်ပေးရာတွင် သတင်းသမား ၂၆ ဦးသာ ပါဝင်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၀ရက်နေ့ကလည်း စစ် ကောင်စီတပ်များမှ ရှမ်းပြည်နယ်အခြေစိုက် ” သံလွင်သွေးချင်း” မီဒီယာ အယ်ဒီတာချုပ် မမြဝန်းရံနှင့်၄င်း၏သမီးနှစ်ဦး ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။