ချင်းပြည်နယ်မင်းတပ်မြို့နယ်တွင် ဇူလိုင် ၂၁ မှ ၂၉ ရက် အတွင်း အကြမ်းဖက်စစ်တပ်နှင့် မင်းတပ် ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲများအကြိမ်ကြိမ် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်တပ်မှစစ်သား ၅၀ နီးပါး ကျဆုံးခဲ့သည်ဟု စစ်တပ် သတင်းရင်းမြစ်များမှ သိရသည်။
ဇူလိုင် ၂၁ ရွှေတွင်းကျေးရွာတွင် တိုက်ပွဲတကြိမ်၊ဇူလိုင် ၂၂ တွင် ရန်ချောင်းကျေးရွာတွင်တကြိမ် ၎င်းနေ့တွင်ပင် မကွီမြို့ ရဲစခန်းကို သိမ်းပိုက်ခဲ့ပြီး ဗိုလ်ကြီးတစ်ဦး CDM ပြုလုပ်ခဲ့သည်။ အရာခံဗိုလ်တဦးနှင့် စစ်သား ၄ ဦးကို စခန်းမှနေအသာတကြည် ထွက်ခွာခွင့် ပေးခဲ့ကြောင်း သိရသည်။
ဇူလိုင် ၂၇ ရက်နေ့တွင် ရမ်းပန်းကျေးရွာတွင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၂ ဦးကျဆုံးခဲ့ပြီး ထိုကိစ္စအတွက် ဇူလိုင် ၂၄ ရက်နေ့တွင် ရွှေတွင်းတူးကျေးရွာအထိ အကြမ်းဖက်စစ်တပ်မှ နယ်မြေရှင်းလင်းရေး ပြုလုပ်ခဲ့သည်။ ဇူလိုင် ၂၅ ရက်နေ့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ အကျအဆုံးများခဲ့သည်။
ဇူလိုင် ၂၇ ရက်နေ့တွင် ကန်ပက်လက်မြို့နယ်၊ ခါနန်းရွာ အနီးတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်သား ၁၀ ဦး ကျဆုံးခဲ့သည်။
ဇူလိုင် ၂၉ ရက်တွင် မင်းတပ်-မတူပီလမ်း ၇၄ မိုင်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်မှ ၄ ဦးကျဆုံးခဲ့ပြန်သည်။
တိုက်ပွဲများ အကြိမ်ကြိမ် ဖြစ်ပွားခဲ့ရာတွင် စစ်တပ်မှ အကျအရှုံးများပြားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မှလည်း ထိခိုက်ဒဏ်ရာရသူ၊ ကျဆုံးခဲ့သူများလည်း ရှိကြောင်း သိရသည်။
အကြမ်းဖက်စစ်တပ်၏ အမည်မဖော်လိုသူတာဝန်ရှိသူတဦး ပြောပြချက်အရ မင်းတပ်တိုက်ပွဲများတွင် စစ်ဗိုလ်နှင့်အရာရှိများအပါအဝင် ၅၀ နီးပါးသေဆုံးခဲ့ကြောင်းအတည်ပြု ပြောဆိုထားသည်။
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် စစ်တပ်၏ အထိအခိုက်၊ အကျအဆုံးများနှင့် ပတ်သက်ပြီးစစ်တပ် ပြန်ကြားရေးအရာရှိ ဗိုလ်ချုပ်ဇော်မင်းထွန်းထံသို့ MPA မှ အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခဲ့ခြင်း မရှိချေ။
ချင်းပြည်နယ်၊ မင်းတပ်တွင် ဇွန်လ၂၃ ရက်နေ့က CDF မင်းတပ်နှင့် စစ်တပ်တို့ အပစ်အခတ်ရပ်ထားရေးအတွက် သဘောတူညီမှုများ ရှိထားခဲ့သော်လည်း အကြမ်းဖက်စစ်တပ်မှ စည်းမျည်းစည်းကမ်းများ ဖောက်ဖျက်ခဲ့သည့် အတွက် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။