ချင်းပြည်နယ်မင်းတပ်မြို့နယ်တွင် အကြမ်းဖက်စစ်တပ်နှင့်CDFမင်းတပ်တို့တိုက်ပွဲ၂၀ကျော်ဖြစ်ပွားခဲ့ပြီး စစ်သား၂၀၀ကျော်ကိုသတ်သင်နိုင်ကြောင်း မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကသတင်းထုတ်ပြန်ထားသည်။
ဧပြီလ၂၄ရက်နေ့မှဇွန်လ၈ရက်နေ့အထိ ၄၅ရက်အတွင်း မင်းတပ်တွင်စစ်တပ်နှင့်တိုက်ပွဲများ၂၀ကျော်ဖြစ်ပွားခဲ့ပြီး စစ်သား၂၀၀ကျော်သေဆုံးခဲ့သည့်အပြင် စစ်ကား၆စီးကျော်ကိုဖျက်ဆီးနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်ကိုတွေ့ရသည်။
တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့ရသည့်အကြောင်းအရင်းမှာ ဧပြီလ ၂၄ ရက်နေ့ တွင် “ We Support NUG” ဟူသည့် စာတမ်းကိုင်ဆောင်ကာ သပိတ်ပြုလုပ်သူများကို ဖမ်းဆီးခဲ့ပြီး အပြစ်မဲ့ပြည်သူများကို ပစ်ခတ်ရာမှအစပြုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
တိုက်ပွဲများအတွင်းစစ်တပ်မှသေဆုံးမှုများပြားခဲ့သကဲ့သို့ CDFမင်းတပ်မှရဲဘော်၂၄ဦး နိုင်ငံတော်အတွက်အသက်ပေးလှူခဲ့ရကြောင်း သိရသည်။ စစ်တပ်အနေဖြင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့်တိုက်ပွဲများတွင် လက်နက်ကြီးများဖြင့်တိုက်ခိုက်ခြင်းများပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံတွင်စစ်တပ်မှအာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူလူထုအပေါ်အကြမ်းဖက်နေသည့် ရန်မှကာကွယ်ရန်အတွက် ရပ်ရွာကာကွယ်ရေးအဖွဲ့များဖွဲ့စည်းကာ ရရာလက်နက်စွဲကိုင်ပြီးဆန့်ကျင်တော်လှန်နေကြခြင်းဖြစ်သည်။
#CDFမင်းတပ် #တိုက်ပွဲ #စကစ #၂၀၀ #သေဆုံး