By MPA
ဇူလိုင်လ၉ရက်နေ့တွင် ကချင်ပြည်နယ်ရွှေကူမြို့နယ်အုပ်ချီသစ်တလုံးကွင်းရွာတွင် အကြမ်းဖက်စစ်တပ်နှင့်ကချင်လွတ်မြောက်ရေးတပ်(KIA) တို့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှအယောက်၄၀ကျော်ကျရှုံးပြီး၇၀ကျော်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
“ဇူလိုင်လ (၉) ရက် ညနေ (၆) နာရီအချိန်ထိ ရွှေကူတိုက်ပွဲတွင် အကြမ်းဖက် လူသတ်စစ်ကောင်စီတပ်မှ (၄၆) ဦး သေဆုံး၍ (၇၀) ယောက် ထက်မနည်းဒါဏ်ရာရရှိပြီး KIA နှင့် PDF ဘက်မှ (၆) ဦး ကျဆုံး၍ (၁၁) ဦး ဒါဏ်ရာရရှိကြောင်း”ကချင်အခြေအစိုက်NBung Dat Kasa – Kachin Multimediaမှဖော်ပြထားသည်ကိုတွေ့ရသည်။
အဆိုပါတိုက်ပွဲအခြေအနေနှင့်ကျဆုံးမှုအခြေအနေနှင့်ပက်သက်ပြီးMPAအနေဖြင့် စစ်တပ်တာဝန်ရှိသူဇော်မင်းထွန်းနှင့်KIAမှဗိုလ်မှူးကြီးနော်ဘူထံသို့ဆက်သွယ်စုံစမ်းရန်ကြိုးစားခဲ့သော်လည်းအဆက်အသွယ်မရရှိသေးပေ။
တိုက်ပွဲအတွင်းစစ်တပ်မှအသေအပျောက်များသဖြင့် လက်နက်ကြီးများအပြင်လေကြောင်းတိုက်ကူများပါ အသုံးပြုတိုက်ခိုက်ခဲ့ကြောင်းဒေသခံများကဆိုသည်။
ကချင်အခြေအစိုက်မီဒီယာ၏ဖော်ပြချက်အရ အကြမ်းဖက်စစ်တပ်ကို KIAအပြင်ဒေသခံPDFတို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ တိုက်ပွဲတွင်PDFနှင့်KIAစုစုပါင်း၆ဦးကျဆုံးခဲ့ပြီး၁၁ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ယခုလတ်တလောတွင်ကချင်ပြည်နယ်နှင့်စစ်ကိုင်းတိုင်းတို့တွင် တိုက်ပွဲများမကြာခဏဖြစ်ပွားလေ့ရှိပြီး ဖြစ်ပွားသည့်အခါတိုင်းတွင်KIAနှင့်PDFတို့တိုက်ခိုက်ခဲ့သည်ကိုတွေ့ရသည်။ဗိုလ်မှူးကြီးနော်ဘူကKIAနှင့်PDFပူးပေါင်းတိုက်ခိုက်မှုနှင့်ပက်သက်ပြီး KIAအနေဖြင့်PDFနှင့်ပူးပေါင်းတိုက်ခိုက်ရန်ညွှန်ကြားထားခြင်းမျိုးမရှိကြောင်းဆိုသည်။
အကြမ်းဖက်စစ်တပ်အနေဖြင့်အာဏာသိမ်းမှုကျူးလွန်ပြီးနောက်ပိုင်းတွင်ကချင်ပြည်နယ်အတွင်းဖြတ်သန်းသွားလာသည့်ကြားဖြတ်တိုက်ခိုက်ခံရခြင်းများနယ်မြေများအတွင်းစစ်အင်အားအများအပြားဖြင့်ကျူးကျော်လာသည့်အခါတိုက်ခိုက်ခံရခြင်းများကြုံတွေ့နေရပြီးအသေအပျောက်များလျက်ရှိနေသည်။
#ရွှေကူ #KIA #PDF #MPA #ကချင်ပြည်နယ်