အကြမ်းဖက်စစ်တပ်ကိုအသိအမှတ်ပြုသည့်သဘောဖြင့် ဇွန်လ၄ရက်နေ့တွင် အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို တွေ့ဆုံခဲ့သည့်အာဆီယံအဖွဲ့ကို ဆန့်ကျင်သည့်အနေဖြင့် မန္တလေးရှိ တကသ ကျောင်းသားများက ဇွန်လ၅ရက်နေ့တွင် အာဆီယံအလံကိုမီးရှိူ့ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
အာဆီယံ၏ထိပ်ပိုင်းခေါင်းဆောင်များပါဝင်သည့်အဖွဲ့သည် အကြမ်းဖက်စစ်တပ်ခေါင်းဆောင်မင်းအောင်လှိုင်ကို နေပြည်တော်၌ ဇွန်လ၄ရက်နေ့တွင် တရားဝင်အစိုးရသဖွယ်လက်ခံပြီး လာရောက်တွေ့ဆုံခဲ့သည်။ထိုသို့ တွေ့ဆုံရာတွင် အာဆီယံအလှည့်ကျဥက္ကဌ ဖြစ်သည့် ဘရုနိုင်းနိုင်ငံ၏နိုင်ငံခြားရေးဝန်ကြီး ၊အာဆီယံအတွင်းရေးမှူးချုပ်နှင့် အတွင်းရေးမှူးချုပ်ရုံးမှအရာရှိ၂ဦးပါဝင်ကြောင်းသိရသည်။
အကြမ်းဖက်စစ်တပ်ပြန်ကြားရေးတာဝန်ယူထားသူဇော်မင်းထွန်းက အာဆီယံရဲ့ ရည်မှန်းချက်တွေအကောင်အထည်ဖော်ရန် ကိစ္စ၊ ကိုဗစ်ကာကွယ်ရေးကိစ္စ၊ အာဏာသိမ်းမှုဖြစ်စဥ်ကိစ္စများ ဆွေးနွေးခဲ့ကြောင်း မီဒီယာတစ်ခုကိုဖြေကြားထားသော်လည်း အစည်းအဝေးနှင့်ပက်သက်ပြီး အာဆီယံမှမည်သည့်သတင်းမျှထုတ်ပြန်ထားသည်ကိုမတွေ့ရချေ။
အာဆီယံအဖွဲ့လာရောက်မှုကို ပြည်သူလူထုကယုံကြည်ခြင်းမရှိသလို စိတ်ဝင်စားခြင်းလည်းမရှိခဲ့ချေ။ အမျိုးသားညီညွတ်ရေးအစိုးရ NUGသည်လည်း ဇွန်လ ၄ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် အာဆီယံကို စိတ်ကုန်နေပြီဖြစ်ကြောင်း ထုတ်ပြန်ပြောကြားထားသည်။
အာဆီယံအနေဖြင့် မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုဖြစ်ပွားပြီးကတည်းက မင်းအောင်လှိုင်ဦးဆောင်သည့်စစ်တပ်အပေါ် ထိရောက်သောအရေးယူဆောင်ရွက်မှုမတွေ့ရဘဲ စစ်အုပ်စုနှင့် ညှိနှိုင်းရေး သို့မဟုတ် စစ်အုပ်စုကို တရားဝင်အတည်ပြုသည့် သဘောဆန်သည့် လုပ်ရပ်များကိုသာ လုပ်ဆောင်လျက်ရှိသည်ကိုတွေ့ရသည်။