By MPA CJ 008
စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်၊ နောင်ကန်ရွာအား မေလ ၂၅ ရက်နေ့ည ၉ နာရီမိနစ် ၂၀ ခန့်တွင် စစ်ကောင်စီတပ်မှ လေယာဥ်နှစ်စင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ပြည်သူနှစ်ဦးသေဆုံးသွားကြောင်း သတင်းရရှိသည်။
“ညကြီး လာပစ်သွားတာ။ တိုက်ပွဲလည်းမရှိဆိုတော့ လူတွေက အေးအေးဆေးဆေးပဲ အိမ်ထဲအိပ်နေကြတာ”ဟု Banmmauk Revolution (BR) မှ MPA သို့ ပြောသည်။
အဆိုပါ တိုက်ခိုက်မှုကြောင့်နောင်ကန်ရွာအတွင်းမှ နေအိမ် ၆ လုံးပျက်စီးကာ အသက် ၆၆ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် အသက် ၃၃ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း သိရသည်။
“သေဆုံးတာကတော့ ပွဲချင်းပြီး သေဆုံးသွားတာဗျ။ တည့်တည့်ကျသွားတာလို့ သိရပါတယ်”ဟု BR Team က ဆက်ပြောသည်။
အဆိုပါ နောင်ကန်ရွာအနီးပတ်ဝန်းကျင်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ယခုကဲ့သို့ လေယာဥ်ဖြင့် အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်သွားခြင်းဖြစ်သည်ဟု စုံစမ်းသိရှိရသည်။
“ကြောင်လည်ရွာနဲ့ မှားတယ်ဆိုလည်း နောင်ကန်ရွာနဲ့ ကြောင်လည်ရွာ ဘာမှလည်းမဆိုင်ဘူး။ အဝေးကြီး။ သက်သက်မဲ့ကို လုပ်သွားတာ”ဟု ဒေသခံတစ်ဦးက MPA သို့ ပြောပြသည်။
ဗန်းမောက်မြို့နယ်အတွင်းရှိ ကြောင်လည်ရွာ အနီးပတ်ဝန်းကျင်တွင် မေလ ၂၀ ရက်နေ့ကတည်းက စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များအကြား ထိတွေ့တိုက်ပွဲများဖြစ်ပွားနေသည်ဟု စုံစမ်းသိရှိရသည်။