By MPA CJ 014
Hip Hop အဆိုတော် ဗျူဟာ ကျန်းမာစွာရှိနေကြောင်း ဗျူဟာ၏ မိသားစုနှင့် ရင်းနှီးသူတစ်ဦးက ပြောသည်။
ယနေ့နံနက် ၉နာရီခွဲခန့်က အဆိုတော်ဗျူဟာ နှင့် အိမ်ချင်းကပ်လျက်နေသူဟုဆိုသော အမျိုးသမီးတစ်ဦးက ၎င်း၏လူမှုကွန်ရက်ပေါ်တွင် ဗျူဟာ သေဆုံးသွားကြောင်း ဖော်ပြခဲ့သည့်အပေါ် မဟုတ်မှန်ကြောင်း ဗျူဟာ၏ မိသားစုနှင့် ရင်းနှီးသူတစ်ဦးက ငြင်းဆိုလိုက်ခြင်းဖြစ်သည်။
“ ဘာမှ မဖြစ်ပါဘူး။အခုထိတော့ ကျန်းကျန်းမာမာပါပဲ။တစ်ခါတလေကျရင် သတင်းတွေအရမ်းထွက်တော့ အထဲက သူအတွက်မကောင်းနိုင်ဘူးလေ။ဒီလောက်ပဲပြောချင်ပါတယ်” ဟု ၎င်းက ပြောသည်။
ယနေ့နံနက် ၄နာရီခန့်က အဆိုတော်ဗျူဟာ သေဆုံးသွားသည်ဟု ဖော်ပြခဲ့သော အမျိုးသမီး၏ပို့စ်ကို ယနေ့မွန်းလွဲ ၂နာရီ ၂၄မိနစ်အထိ မျှဝေသူ ၇၁၇ဦးရှိခဲ့ပြီး ကူးယူဖော်ပြခဲ့သည့် လူမှုကွန်ရက်အကောင့်ပေါင်းများစွာရှိခဲ့သည်။
အဆိုတော်ဗျူဟာ၏ ညီဖြစ်သူ အဆိုတော် ရာဇဝင်ကလည်း “ သတင်းတွေကို source သေချာမှ share ကြရန် မေတ္တာရပ်ခံပါသည် ခင်ဗျား” ဟု ၎င်း၏လူမှုကွန်ရက်ပေါ်တွင်ဖော်ပြထား သည်။
MPA က အမည်မဖော်လိုသူ ရဲမှူးကြီးတစ်ဦးထံ မေးမြန်းရာ ဗျုဟာသေဆုံးသည်မှာ မဟုတ်မှန်ကြောင်းနှင့် တရားစွဲဆိုရန် အမှုတည်ဆောက်နေကြောင်း ပြောသည်။ “ မသေပါဘူးဗျာ၊ပေါက်ကရတွေ။ လောလောဆယ် အမှုတည်ဆောက်နေတုန်းပဲ။အင်းစိန်မှာပါပဲ” ဟု ၎င်းကပြောသည်။
မေလ ၂၃ရက်နေ့က အဆိုတော် ဗျူဟာသည် ၎င်း၏ လူမှုကွန်ရက် စာမျက်နှာပေါ် Liveလွှင့်ကာ အာဏာသိမ်း စစ်ကောင်စီလက်ထက် မီးပြတ်တောက်မှုများလာသည့် အကြောင်း NLDအစိုးရနှင့် နှိုင်းယှဉ် ပြောကြားခဲ့ရာ စစ်ကောင်စီတပ် မေလ ၂၄ရက်နေ့ မနက်၌ ၎င်း၏နေအိမ်သို့လာရောက်ကာ ထိုးကြိတ်ပြီးဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။