တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပလောက်မြို့နယ် မှ ပုလောမြို့သို့ တက်လာသည့် စစ်ကား ၂စီးကို စောင့်ဆိုင်း မိုင်းဆွဲခဲ့ရာ ၁၅ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ပုလောPDFထံက သိရသည်။
မေလ ၂၄ရက်၊နံနက် ၆နာရီခန့်က ပလောက်မြို့နယ်၊တိုင်း ဗဟို ၁၂မှ ပုလောမြို့သို့ လာသည့် စစ်ကား ၂စီးအနက် ရှေ့ဆုံးတစ်စီးကို နန်းပရုတ် ဘုန်းကြီးကျောင်း လမ်းဆုံတံတားတွင် မိုင်း ၆လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ပုလောပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်တပ်ရင်း ၁ (PPDF)၏ တာဝန်ရှိသူတစ်ဦး ကပြောသည်။
“ ကျနော်တို့က နန်းပရုတ် တံတားမှာ မိုင်း၆ လုံးခွဲတယ်။တစ်စီးနဲ့တစ်စီးက တော်တော်ဝေးတော့ ပထမတစ်စီးပဲ ဆွဲလိုက်တယ်။မိုင်းအမျိုးအစားကတော့ ကြားညှပ်မိုင်းပါ။လမ်းရဲ့ နှစ်ဖက်လုံးမှာရှိတယ်။ကြားထဲကားရောက်တာနဲ့သွားပြီပေါ့။ကားပေါ်ပါတဲ့သူတွေတော်တော်ထိပြီး တံတားဘေးမှာ သွေးတွေအိုင်နေတာပဲ။၁၅ဦးထက်မနည်းသေတယ်။သူတို့ကားပေါ်က ၂ကောင်ပဲပြန်ပစ်နိုင်တယ်” ဟု ၎င်းက ပြောသည်။
မိုင်းခွဲတိုက်ခိုက်ခံရသည့် စစ်ကားအနီးသို့ ချဉ်းကပ်စဉ် ကျန်စစ်ကားတစ်စီးက ၄၀(မမ) လက်နက်ကြီးဖြင့် ကာပစ်ပေးကာသေနတ်ဖြင့် ပစ်ခတ်လာသောကြောင့် ထိတွေ့တိုက်ပွဲ မိနစ် ၂၀ခန့်ဖြစ်ပွားပြီး ဘေးကင်းလုံခြုံရာအရပ်သို့ ပြန်လည်ဆုတ်ခွာလာခဲ့ရကြောင်း သိရသည်။
“ ပထမတစ်စီးနဲ့ လှမ်းတော့ သူက မိုင်းမထိဘူး။လက်နက်ကြီးနဲ့ပစ်တာက အချက်က ၂၀ကျော်တယ်။နန်းပရုတ်တံတားဘေးက ရွာတွေက စစ်ရှောင်နေတော့ လက်နက်ကြီးထိတဲ့ပြည်သူမရှိပါဘူး။ကျနော်တို့လည်း လက်နက်ကြီးမထိအောင် ရှောင်တိမ်းပြီး ပြန်ဆုတ်ခဲ့တယ်။အားလုံးဘေးကင်းပါတယ်။ထိခိုက်ဒဏ်ရာရသူမရှိပါဘူး။မနက် ၆နာရီ ၂၅မိနစ်လောက်မှာ ပွဲပြီးပါတယ်” ဟု ၎င်းကဆက်လက် ပြောသည်။
ထိတွေ့မှုများဖြစ်ပွားပြီးနောက် စစ်ကား၂စီးစလုံး ပုလောမြို့ဘက်သို့ အရှိန်တင်ကာ မောင်းနှင်ထွက်ပြေးသွားပြီး ဆဲဆိုကာ လမ်းတစ်လျှောက်ရှိ ခြုံများအား သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း MPAကစုံစမ်းသိရသည်။
စစ်သားများသေဆုံးခြင်းနှင့်ပတ်သက်ပြီး MPA အနေနှင့်သီးခြားအတည်မပြုနိုင်ပေ။