မကွေးတိုင်း၊နတ်မောက်မြို့နယ်အတွင်းရှိစာသောက်ဆိုင်တစ်ဆိုင်တွင် နေ့လယ်စာစားနေသည့် PDF တပ်ခွဲမှူးကို ရဲတပ်ဖွဲ့ဝင်များ လာရောက်ဖမ်းဆီးစဉ် မိုင်းခွဲတိုက်ခိုက်ခဲ့ရာရဲ ၄ ဦးသေဆုံးပြီး ၅ ဦးပြင်းထန်ဒဏ်ရာရရှိကြောင်းသိရသည်။
ယနေ့(မေလ၊၂၀ရက်)နံနက် ၁၀ နာရီ ၁၅မိနစ်ခန့်က နတ်မောက်မြို့နယ်၊ မြင်းတဲကြီးရွာလမ်းဆုံ၌ ဖွင့်လှစ်ထားသည့် ဖူးပွင်ဝေစားသောက်ဆိုင်တွင်နေ့လယ်စာစားနေသည့်
နတ်မောက်ဂဠုန် PDF တပ်ခွဲမှူးဗိုလ်အောင်ဒင် အား ရဲတပ်ဖွင့်ဝင် ၁၈ ဦးခန့်ဖြင့် လာရောက်ဖမ်းဆီးစဥ်ဆိုင်ကယ်အတွင်းရှိ အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း နတ်မောက်ဂဠုန် PDF ထံကသိရသည်။
“ကျနော်က ကြာဇံကြော်စားနေတာ။ရဲခွေးကဖွင့်ထားတဲ့ဆိုင်မှန်းလည်းမသိဘူး။ရဲတွေက ဆိုင်ကယ် ၇စီး ၈စီးလောက်နဲ့ရောက်လာတာ။ကျနေ့ာ်ဆိုင်ကယ်နားလည်းရောက်ရော မိုင်းခွဲပြီး ကျနော်လည်းပြေးတော့တာပဲ။လိုက်ပစ်သေးတယ်ဗျ။မထိဘူး။လုံခြုံတဲ့နေရာရောက်ပါပြီ။ခြေထောက်လောက်ပဲဒဏ်ရာရတာပါ”ဟု နတ်မောက်ဂဠုန် PDF တပ်ခွဲမှူးဗိုလ်အောင်ဒင် ကပြောသည်။
ယင်းမိုင်းခွဲတိုက်ခိုက်မှုကြောင့်စစ်သား ၃ဦး ပွဲချင်းပြီးသေဆုံးပြီး ၁ ဦးမှာနတ်မောက်ဆေးရုံသို့ပို့ဆောင်စဥ်သေဆုံးသွားကြောင်းသိရသည်။
ထိခိုက်သေဆုံးသူများကို နတ်မောက်မြို့နယ်၊ စိုင်ကောင်းရဲကင်းစခန်းကကားဖြင့်လာရောက်သယ်ဆောင်သွားကြောင်း ၎င်းကဆိုသည်။
ရဲများသေဆုံး ဒဏ်ရာရခြင်းအပေါ် MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။