အခြားသောအရေးကိစ္စများဖြင့် ဗျာများနေသောကမ္ဘာကြီးသည် သူတို့ကို မေ့သွားပြီဟု မြန်မာပြည်သူ များစွာက ယုံကြည်လာကြကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ပြောသည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews က မတ်လ၂၀ ရက်နေ့၊ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့၌ ကျင်းပသည့် လူ့အခွင့်အရေးကောင်စီ အစည်းအဝေးတွင် ထိုသို့ ထည့်သွင်းပြောကြားခဲ့သည်။
နိုင်ငံတကာ အသိုင်းအဝိုင်းအနေနှင့် မြန်မာပြည်သူများကို မေ့လျော့မထားကြောင်း ပြသနိုင်ရန် အလွန် အရေးကြီးကြောင်း ၎င်းကပြောသည်။
စစ်ကောင်စီကို နိုင်ငံတကာအသိုင်းအဝိုင်းက စုပေါင်းပြီး အရေးယူပိတ်ဆို့ကြရန်လည်း Tom Andrews က ဆိုသည်။
စစ်ကောင်စီသည် အတိုက်အခံများကို ရပ်တန့်သွားအောင် မလုပ်နိုင်သော်လည်း မြန်မာနိုင်ငံကို ဖျက်ဆီးနေကြောင်း နိုင်ငံတကာအသိုင်းအဝိုင်းကမူ မြန်မာ့အရေးနှင့်ပတ်သက်ပြီး လုံလောက်သည့် ပံ့ပိုးမှုများ မလုပ်ကြောင်း လည်း သူကပြောသည်။
“ Tom Andrews ဟာ မြန်မာပြည်သူတွေနဲ့ နွေဦးတော်လှန်ရေးအပေါ် အရင်းအတိုင်း နားလည်ခံစားနိုင်စွမ်းရှိသူတစ်ဦးပါ။ သူဟာ ကုလစင်မြင့်ထက်ကနေ မြန်မာ့အရေး အကောင်းဆုံးတိုက်ပွဲဝင်နေတဲ့ သူပါ။နိုင်ငံတကာအသိုင်းအဝိုင်းက Tom Andrews ပြောသမျှ မြန်မာ့အရေးကို အလေးမထားတာ စိတ်ပျက်စရာပါပဲ”ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးသုံးသပ်သူတစ်ဦးက ပြောသည်။
ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေနှင့် စစ်ကောင်စီ ပြုလုပ်မည့် ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ငြင်းပယ်ကြရန်လည်း Tom Andrews က တိုက်တွန်းသည်။
ဆက်လက်ပြီး ၎င်းက ကုလအဖွဲ့ဝင်နိုင်ငံအချို့နှင့် အဖွဲ့အစည်းအချို့သည် စစ်ကောင်စီကို လက်နက် နှင့်ဝင်ငွေရရှိအောင် ပံ့ပိုးပေးနေပြီး စစ်ကောင်စီက ယင်းတို့ကို အသုံးချကာ စစ်ရာဇဝတ်မှုများကျူးလွန်နေသည်ဟု ဆိုသည်။