အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မဏိပူရပြည်နယ်တွင် လူမျိုးရေးအဓိကရုဏ်းကြောင့် လူပေါင်းထောင်နှင့်ချီ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေရသည်ဟု ရိုက်တာသတင်းဌာနက ယနေ့တွင် ဖော်ပြထားသည်။
လူမျိုးရေးအဓိကရုဏ်းပြင်းထန်လာခဲ့ပြီးနောက် လက်ရှိတွင် လူပေါင်း ၂၀,၀၀၀ ခန့်ကို ရွှေ့ပြောင်းပေးထားရပြီး အိန္ဒိယစစ်တပ်၏ လက်အောက်တွင် ထားရှိထားကြောင်း သိရှိရသည်။
မကြာသေးမီ ရက်ပိုင်းအတွင်းက မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ယင်းပြည်နယ်တွင် လုယက်မှုနှင့် မီးရှို့မှု ဖြစ်စဉ်များ ဖြစ်ပွားခဲ့ပြီး ပြီးခဲ့သည့် အင်္ဂါနေ့က ဆန္ဒပြပွဲတစ်ခုအတွင်း ဒေသခံ ဥပဒေပြုလွှတ်တော်အမတ် နှစ်ဦး အပါအဝင် အနည်းဆုံး လူ ၂၀ ဒဏ်ရာရခဲ့သည်ဟု ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
လက်ရှိတွင် ဆူပူအုံကြွမှုကို ပိုမို လှုံ့ဆော်နိုင်သည့် ဆိုရှယ်မီဒီယာအသုံးပြုခြင်းကို ကာကွယ်ရန်အတွက် ပြည်နယ်အတွင်း အင်တာနက်ဝန်ဆောင်မှုများကို ရပ်ဆိုင်းထားသည်ဟု သိရှိရသည်။
“အခြေအနေက အပြည့်အဝ မထိန်းချုပ်နိုင်သေးပေမယ့် တဖြည်းဖြည်း တိုးတက်လာနေပါတယ်”ဟု ပြည်နယ်၏ ထိပ်တန်းရဲအရာရှိ P. Doungel က ပြည်နယ်မြို့တော် အင်ဖားတွင် သတင်းထောက်များအား အသိပေးခဲ့သည်။
လုံခြုံရေးအင်အားကောင်းရန်အတွက် လက်ရှိတွင် စစ်သားများကို အထပ်ထပ်ချထားပြီး ထောင်ချီသည့် ဒေသခံများကို အကြမ်းဖက်မှုအခြေအနေများမှ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားပြီး ယာယီစခန်း ၃ ခု တည်ဆောက်စီစဉ်ထားသည်ဟု သိရှိရသည်။
မဏိပူရတွင် တရားဥပဒေစိုးမိုးရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် စစ်ကြောင်း ၁၀၀ ကျော်အထိ လှုပ်ရှားဆောင်ရွက်လျက်ရှိသည်ဟုလည်း အိန္ဒိယစစ်တပ်က အသိပေးထားသည်ဟုလည်း ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။
အိန္ဒိယမီဒီယာများ၏ ဖော်ပြချက်အရ ယင်းအဓိကရုဏ်းဖြစ်ပွားနေသည့် ဒေသများတွင် သေနတ်ပစ်ခတ်သံများကြားရသည့် အခြေအနေများရှိနေသည်ဟုလည်း သိရှိရသည်။ လက်ရှိဖြစ်စဉ်တွင် သေဆုံးမှု သတင်းများထွက်ပေါ်နေသော်လည်း စာရင်းအတိအကျကို အတည်ပြုနိုင်ရန် ခက်ခဲနေဆဲရှိနေသေးသည်။