ဓါတ်ပုံ – ဦးဇော်ဌေး၏ အမုန်းစကားများနှင့်ပတ်သက်ပြီး ရေးသားထားသည့် မှတ်တမ်းများ
ဓါတ်ပုံ – ဦးဇော်ဌေး၏ အမုန်းစကားများနှင့်ပတ်သက်ပြီး ရေးသားထားသည့် မှတ်တမ်းများ
ဓါတ်ပုံ – ဦးဇော်ဌေး၏ အမုန်းစကားများနှင့်ပတ်သက်ပြီး ရေးသားထားသည့် မှတ်တမ်းများ
ဓါတ်ပုံ – ဦးဇော်ဌေး၏ အမုန်းစကားများနှင့်ပတ်သက်ပြီး ရေးသားထားသည့် မှတ်တမ်းများ
ဓါတ်ပုံ – ဦးဇော်ဌေး၏ အမုန်းစကားများနှင့်ပတ်သက်ပြီး ရေးသားထားသည့် မှတ်တမ်းများ
By ရဲဟိန်းအောင် ( သုတေသနဆောင်းပါး )
ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ လူပုဂ္ဂိုလ်တယောက် သေဆုံးပြီ၊ ကွယ်လွန်ပြီဆိုရင် အလွမ်းစာတွေ၊ သူတို့ရဲ့ လုပ်ကိုင် လှုပ်ရှားမှုတွေကို အမှတ်တရဖြစ်စေတဲ့ စာတွေ ရေးသားကြပါတယ်။
တချို့ နာမည်ကျော်ကြားတဲ့ သူတွေ၊ လေးစားစရာ ပုဂ္ဂိုလ်တွေဆိုရင်လည်း သူတို့ရဲ့ ဘဝဖြတ်သန်းမှုတွေနဲ့ ပတ်သက်ပြီး နောင်လူတွေ လေ့လာနိုင်ဖို့ အတ္ထုပ္ပတိ စာပေတွေ ရေးသားကြသလို၊ ကိုယ့်အကြောင်းကိုယ်ပြန်ရေးတဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတိတွေလည်း ရှိပါတယ်။
ဗမာပြည်က စာပေလောက၊ ဗမာ့လူ့အဖွဲ့အစည်းမှာလည်း ဒီလိုစာပေအမျိုးအစားက အားကောင်းမောင်းသန်ရှိပါတယ်။
ဒါပေမယ့် လူ့အဖွဲ့အစည်းကို နစ်နာအောင် ပြုလုပ်ခဲ့သူ၊ ပျက်စီးစေခဲ့သူ၊ ဖျက်ဆီးသူတွေ သေဆုံးရင်တော့ သူတို့ရဲ့ မကောင်းမှုတွေကို မှတ်တမ်းတင်တာ၊ နောင်လူတွေရှောင်ကျဉ်နိုင်အောင် ယုတ်မာမှုတွေကို ရေးသားပြုစုတာမျိုးကတော့ အလွန့်ကို ရှားရှားပါးပါးပဲ တွေ့ရပါတယ်။
နောက်တမျိုးကတော့ သေလွန်ပြီးသူကို အပြစ်မပြောသင့်ဘူးဆိုတဲ့ အယူအဆရှိတာကိုလည်း တွေ့ရပါတယ်။
မှူးဇော် ဆိုတဲ့ ကလောင်အမည်ကို ယူထားတဲ့ စစ်အရာရှိဟောင်း ဦးဇော်ဌေးက မေလ ၂၃ရက် ၂၀၂၂ခု တနင်္လာနေ့ကမှ ကွယ်လွန်သွားတယ်လို့ သိရပါတယ်။
ဦးဇော်ဌေးဟာ ဗမာ့နိုင်ငံရေး အသိုင်းအဝိုင်းမှာ နာမည်ကြီး ထင်ရှားသူတဦးဖြစ်သလို စာရေးသူတဦးအနေနဲ့လည်း လူသိများသူပါ။
ဗမာ့လူ့အဖွဲ့အစည်းမှာ အသုံးအများတဲ့ လူမှုမီဒီယာတွေဖြစ်တဲ့ Facebook နဲ့ Twitter မှာလည်း ပရိတ်သတ် အင်အား တောင့်တင်းသူပါ။
စစ်တပ်မှာလည်း ဗိုလ်မှူး အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလ ၂၀၁၀ကနေ စစ်တပ်က အာဏာသိမ်းဖို့ ကြိုးစားခဲ့တဲ့ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့အထိလည်း အစိုးရအဆက်ဆက်မှာ နိုင်ငံ့ဝန်ထမ်းအဖြစ် ဆက်လက် တာဝန်ထမ်းဆောင်ပါသေးတယ်။
အဆိုပါ အစိုးရတွေရဲ့ သမ္မတရုံးဝန်ကြီးဌာနတွေမှာ ညွှန်ကြားရေးမှုး၊ ညွှန်ကြားရေးမှူးချုပ်တွေအဖြစ် ရာထူးတွေရခဲ့သလို အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးလည်း ဖြစ်ပါတယ်။
ဦီးဇော်ဌေးဟာ ပြည်တွင်းစစ်၊ ငြိမ်းချမ်းရေးဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ ဖြစ်စေ၊ ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ ရိုဟင်ဂျာ လူမျိုးတွေအပေါ် ပစ်မှတ်ထားတဲ ဂျီနိုဆိုက် ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ဖြစ်စေ သတင်းထုတ်ပြန်ချက်တွေမှာ အစိုးရအာဘော်ကို ကောင်းကောင်းထင်ဟပ်တဲ့ အပြောအဆိုတင်ပြချက်တွေနဲ့ တာဝန်ကျေခဲ့တဲ့ သူတဦးပါ။
သူရဲ့ Facebook နဲ့ Twitter မှာ အမုန်းစကားနဲ့ သတင်းမှား ဖြန့်ဝေသူတဦးလည်း ဖြစ်ပါတယ်။
ရခိုင်ပြည်နယ် ဂျီနိုဆိုက်ဖြစ်စဉ်မှာ ရိုဟင်ဂျာလူမျိုးတွေအပေါ် ပြည်သူတွေ ပိုမို အထင်မှား အမြင်မှားဖြစ်ပေါ်စေပြီး အမုန်းတရား ကြီးထွားလာအောင် ဝါဒဖြန့်မှုတွေ ပြုလုပ်ခဲ့သူပါ။
အဲ့လိုတင်ပြချက် အမြောက်အများထဲက လူသိအများဆုံး ကိစ္စတွေကို ပြောရရင် ၂၀၁၇ခုနှစ် စက်တင်ဘာလအတွင်းမှာ ဖော်ပြခဲ့တဲ့ ရခိုင်ပြည်နယ်အတွင်းမှာ ရိုဟင်ဂျာတွေက ကိုယ့်အိမ်ကိုယ်မီးရှို့ထွက်ပြေးကြတယ်ဆိုပြီး အမုန်းစကားနဲ့ အမုန်းတရားဖြန့်ဝေခဲ့တဲ့ ဖြစ်စဉ်မျိုးပါ။
နောက် ရိုဟင်ဂျာအမျိုးသမီးပေါင်းများစွာ မုဒိန်းကျင့်ခံရတဲ့ ဖြစ်စဉ်တွေနဲ့ ပတ်သက်လာရင်လည်း နိုင်ငံတော်၏ အတိုင်ပင်ခံရုံး သတင်းပြန်ကြားရေး ကော်မတီကနေ ဒီလို မုဒိန်းအကျင့်ခံခဲ့ရတာက လုပ်ကြံဇာတ်တွေ Fake Rape အဖြစ် တင်ပြခဲ့ခဲ့မှုတွေကို ထပ်ဆင့် တင်ပြခဲ့တာတွေကိုပါ တွေ့မြင်ရပါတယ်။
အဲ့ဒါအပြင် ရခိုင်ပြည်နယ်ကိစ္စတွေကို လူ့အခွင့်အရေးရှု့ထောင့်တွေကနေ မချဉ်းကပ်ဖို့ကိုလည်း ပုဂ္ဂလိက အမြင်ဆိုပြီး တင်ပြမှုတွေကို လုပ်ခဲ့ပါသေးတယ်။ ဒါက သူလုပ်ဆောင်ခဲ့မှုတွေထဲက အနည်းအကျဉ်းသာ ဖော်ပြတာပါ။
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ကိစ္စတွေဟာ ဂျီနိုဆိုက်မြောက်ကြောင်းကို အမေရိကန် အစိုးရကလည်း အခုနှစ် မတ်လ ၂၁ ရက်နေ့က တရားဝင် ကြေညာထားခဲ့ပြီး ဖြစ်ပါတယ်။
အပြည်ပြည်ဆိုင်ရာ တရားရုံး (International Court of Justice) မှာလည်း ဗမာပြည်က “လူမျိုးပြုတ် သတ်ဖြတ်မှုပြစ်မှုကို တားဆီးကာကွယ်ခြင်းနှင့် ပြစ်ဒဏ်ကျခံစေခြင်းဆိုင်ရာ ကွန်ဗင်းရှင်း” (The Convention on the Prevention and Punishment of the Crime of Genocide – Genocide Convention) ကို ကျူးလွန်ဖောက်ဖြတ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမှုရင်ဆိုင် ဖြေရှင်းနေရပါတယ်။
ဦးဇော်ဌေး(မှူးဇော်)ရဲ့ အစိုးရ တရပ်ရပ်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့စဉ်က လုပ်ဆောင်ချက်တွေဟာ ဂျီနိုဆိုက် ပြစ်မှု ကျူးလွန်မှုမှာ ပါဝင်နေတယ်လို့ Genocide Conventionမှာ ပါဝင်တဲ့ အချက်အလက်တွေကို အခြေပြုပြီး သုံးသပ်ပါတယ်။
Genocide Convention ကို ၁၉၄၈ခုနှစ် ဒီဇင်ဘာလ ၉ရက်နေ့မှာ ကမ္ဘာ့ကုလသမဂ္ဂမှာ စတင်ပြဌာန်းခဲ့ပါတယ်။
ဗမာနိုင်ငံအနေနဲ့ ၁၉၄၉ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့ပြီး၊ ၁၉၅၆ခုနှစ် မတ်လ ၁၄ရက်နေ့မှာတော့ အတည်ပြုပြဌာန်းခဲ့ပါတယ်။
Genocide Convention အပိုဒ် (၃) အရ ဂျီနိုဆိုက် ပြစ်မှုကို ကျူးလွန်ရာတွင် ပြစ်ဒဏ်ကျခံစေရမည့် လုပ်ဆောင်ချက်များကို ဖော်ပြထားပါတယ်။
၎င်းတို့မှာ (က) လူမျိုးပြုတ်သတ်ဖြတ်မှု၊ (ခ) လူမျိုးပြုတ်သတ်ဖြတ်မှုကျူးလွန်ရန် လျှို့ဝှက်ပူးပေါင်းကြံစည်ခြင်း။ (ဂ) လူမျိုးပြုတ် သတ်ဖြတ်မှု ကျူးလွန်ရန် တိုက်ရိုက် လူသိရှင်ကြား သွေးထိုးလှုံ့ဆော်ခြင်း၊ (ဃ) လူမျိုးပြုတ်သတ်ဖြတ်မှုကျူးလွန်ရန် ကြိုးစားခြင်း နှင့် (င) လူမျိုးပြုတ် သတ်ဖြတ်မှုကျူးလွန်ရာတွင် အလိုတူအလိုပါဖြစ်ခြင်း တို့ ဖြစ်ပါတယ်။
Genocide Convention အပိုဒ် (၄) မှာတော့ “လူမျိုးပြုတ် သတ်ဖြတ်မှု သို့မဟုတ် အပိုဒ် ၃တွင် ဖော်ပြထားသော အခြား လုပ်ရပ် တခုခုကို ကျူးလွန်သူများသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တာဝန်ရှိသော အုပ်ချုပ်သူများဖြစ်စေ၊ အစိုးရ အရာရှိများဖြစ်စေ၊ လူပုဂ္ဂိုလ်များဖြစ်စေ ၎င်းတို့အား ပြစ်ဒဏ်ကျခံစေရပါမည်။” လို့ ပြဌာန်းထားပါတယ်။
ဦးဇော်ဌေး(မှူးဇော်)ရဲ့ လုပ်ကိုင်ဆောင်ရွက်မှု၊ ဝါဒဖြန့်ချိမှုတွေကို ဒီစံတွေနဲ့ သုံးသပ်ပြီး သူ့ကို ဂျီနိုဆိုက် ရာဇဝတ်သားတယောက် အဖြစ် ကျွန်တော့်အနေနဲ့ သတ်မှတ်ပါတယ်။
တကယ်တမ်းဆိုရင် ဂျီနိုဆိုက်ရာဇဝတ်မှုတွေနဲ့ ပတ်သက်လို့ တချိန်ချိန်မှာ နိုင်ငံတကာ တရားရုံးတွေ၊ အထူးတရားရုံးတွေ ပေါ်လာပြီဆိုရင် ဦဇော်ဌေး (မှူးဇော်) ဟာ သူ့ရဲ့ ကျူးလွန်မှုတွေနဲ့ ပတ်သက်ပြီး ကျိန်းသေ ရင်ဆိုင်ဖြေရှင်းရမှာပါ။
အခုတော့ ဒီလို အဆင့်မရောက်ခင့်မှာပဲ သေဆုံးသွားခဲ့ပါတယ်။ အဲ့ဒီအတွက် ကျွန်တော်အထူးဝမ်းနည်းမိပါတယ်။
ဘာကြောင့်လည်းဆို ဂျီနိုဆိုက် ကျူးလွန်သူ ရာဇဝတ်သား တဦးကို ဘယ်လို ပြစ်ဒဏ်မှ ပေးနိုင်ခဲ့ခြင်း မရှိလို့ပါဘဲ။
[ စာရေးသူသည် မြန်မာ့နိုင်ငံရေးသမိုင်းနှင့် ပတ်သက်သည့် အချက်အလက်များကိုစုဆောင်းခြင်း၊ ပြည်တွင်းစစ်၊ ဘာသာရေးနှင့် လူမျိုးရေးပဋိပက္ခ၊ လူမျိုးစုများအကြောင်းနှင့် ဂျီနိုဆိုက်အကြောင်းတို့ကို အထူးပြုသုတေသနပြုလုပ်လျှက်ရှိသည်။ ]