ရန်ကုန်မြို့ရှိဆေးဂိုထောင် များနှင့် ဆေးဆိုင်အချို့ကိုစစ်ကောင်စီလက်အောက်ခံတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်စည်ပင်သာယာရေးကော်မတီတို့က သြဂုတ်လ ၁၀ရက်နေ့ညတွင်ချိတ်ပိတ်ခြင်းပြုလုပ်ခဲ့သော်လည်း လက်ရှိအချိန်ထိပိတ်သိမ်းရခြင်းအကြောင်းအရင်းကိုမူစည်ပင်သာယာက မသိရှိရသေးကြောင်းသိရသည်။
“တိုင်းဒေသကြီးအစိုးရအဖွဲ့ရယ်။စည်ပင်သာယာရေးကော်မတီ ပေါင်းပြီးပိတ်ကြတယ်ဆိုတာတော့ မှန်ပါတယ်။လက်ရှိအချိန်ထိတော့ဒါတွေဟာဘာကြောင့်ပိတ်တယ်။ဘယ်အချက်တွေကြောင့်ပိတ်တယ်ဆိုတာတော့တိတိကျကျသိရှိရခြင်းမရှိသေးပါဘူး” ဟုရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက MPAသို့ပြောသည်။
လက်ရှိအချိန်ထိရရှိထားသောသတင်းအချက်အလက်များအရရန်ကုန်တိုင်းဒေသကြီးရှိ မဂ်လာတောင်ညွန့်မြို့နယ်၊မဂ်လာစျေးအနီးရှိဆေးဂိုထောင်များပုဂ္ဂလိကပိုင်ဆေးဂိုထောင်များအပါအဝင် မြို့နယ်ခြောက်မြို့နယ်ရှိ ဆေးဂိုထောင် ၂၄ ခုကို သြဂုတ်၁၀ရက်နေ့က ချိတ်ပိတ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါဆေးဂိုထောင်များပိတ်သိမ်းခြင်းနှင့်ပတ်သက်ပြီး စစ်ကောင်စီ၏ပြန်ကြားရေးတာဝန်ရှိသူဇော်မင်းထွန်းထံသို့ MPAမှ ဖုန်းဖြင့်အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်းဆက်သွယ်၍မရရှိခဲ့ပါ။
ပိတ်သိမ်းခြင်းခံခဲ့ရသော ဆေးဂိုထောင်များဘက်မှလည်း သြဂုတ်လ၁၂ရက်နေ့အထိ တစ်စုံတရာ သတင်းထွက်ပေါ်လာခြင်းမရှိသေးသည့်အတွက် ဆက်လက်စုံစမ်းလျက်ရှိနေဆဲဖြစ်သည်။
“ကျွန်မတို့ကြားမိတာကတော့ ဆေးဝါးမှတ်ပုံတင်မရှိလို့ပိတ်တယ်ဆိုပြီးလည်းပြောနေကြတယ်။သူတို့ပြဿနာရှာလို့ရတာ အဲ့တာတစ်ခုပဲရှိတယ်။ဆေးဆိုင်အသေးပဲဖြစ်ဖြစ်အကြီးပဲဖြစ်ဖြစ်ဆေးဝါးမှတ်ပုံတင်ရှိမှဖွင့်ခွင့်ရှိတာလေ။အဲ့တာကြောင့်ဖြစ်မယ်လို့တော့ယူဆတယ်” ဟု ဆေးဝါးလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးကဆိုသည်။
ဆေးဂိုထောင်များပိတ်သိမ်းခြင်းကြောင့် စျေးကွက်အတွင်းဆေးဝါးပြတ်လပ်မှုများကြုံရနိုင်ပြီးစျေးနှုန်းများလည်းကြီးမြင့်လာနိုင်ကြောင်းသိရသည်။
လက်ရှိအချိန်တွင် စျေးကွက်အတွင်းအိမ်သုံးဆေးဝါးများသည် အဆမတန်စျေးမြင့်မားလျက်ရှိနေသည်။
လက်ရှိ မြန်မာနိုင်ငံ၏ဆေးဝါးတင်သွင်းခွင့်ဖြန့်ဖြူးရောင်းချနေရသည့်အခြေအနေများနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ၏အကြီးဆုံးဆေးဝါးကုမ္ပဏီတစ်ခုဖြစ်သည့် AA Medical Productကို MPAမှ ဆက်သွယ်မေးမြန်းခဲ့သော်လည်းတစ်စုံတရာ ပြန်လည်ဖြေကြားခဲ့ခြင်းမရှိပေ။
၁၉၉၂ခုနှစ်မြန်မာနိုင်ငံအမျိုးသားဆေးဝါးဥပဒေပုဒ်မ၁၆တွင် မည်သူမျှ လိုင်စင်မရှိဘဲ ဆေးဝါးကုန်ကြမ်း သို့မဟုတ် ဆေးဝါးကို ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း မပြုရဟုဖော်ပြထားသည်ကိုတွေ့ရပြီး ဖောက်ဖျက်ပါက ထောင်ဒဏ်နှင့်ငွေဒဏ်ချမှတ်နိုင်ပြီးသက်ဆိုင်သော သက်သေခံပစ္စည်းများကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းယူခြင်းခံရမည်ဟုဖော်ပြထားသည်။
အကြမ်းဖက်စစ်ကောင်စီအနေဖြင့် ဆေးဆိုင်များအပေါ်တွင် မည်သည့် ဥပဒေပုဒ်မများဖြင့် ချိတ်ပိတ်ခြင်းပြုလုပ်သည်ဟုသတင်းတစ်စုံတရာထုတ်ပြန်ခြင်းမရှိသေးပေ။ ပြည်သူလူထုအနေဖြင့် လက်ရှိ ကိုဗစ်တိယလှိုင်း ကာလတွင် ဆေးရုံဆေးခန်းများ ဖွင့်လှစ်ခြင်းမရှိခြင်းကြောင့် ဆေးဝါးများကိုကိုယ်တိုင်ဝယ်ယူပြီး ကုသခြင်းများပြုလုပ်နေရသည့်အတွက် ဆေးဝါးလိုအပ်ချက်အများအပြားရှိနေခြင်းဖြစ်သည်။
Photo – ( စျေးကွက်အတွင်းရောင်းချနေသော ဆေးဆိုင်တစ်ခုကိုတွေ့မြင်ရစဉ် )