စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်တောင်ပိုင်း တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် CDF-KKG၊ PDF-Kalay၊ RKDF နှင့် ပကဖ စသည့် ပူးပေါင်း တပ်ဖွဲ့တို့ အပြန်အလှန်ပစ်ခတ်ကာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်းသိရသည်။
ကလေးမြို့နယ်တောင်ပိုင်း၊ အရှေ့စည်းရွာသို့ အကြမ်းဖက်စစ်ကောင်စီနှင့် ပျူစောထီးအဖွဲ့များက ဧပြီလ(၂၇) ရက်နေ့၊ နံနက်(၈:၀၀) နာရီအချိန်ခန့်မှစ၍ ခြေလျင် အင်အားရာဂဏန်းဖြင့် မဏိပူရ်မြစ်(နန်းကသည်း ချောင်း)ဘက်မှ စစ်ကြောင်းထိုးလာသောကြောင့် CDF-KKG၊ PDF-Kalay၊ RKDF နှင့် ပကဖအဖွဲ့စသည့် ပူးပေါင်းတပ်ဖွဲ့တို့က ကာကွယ်စစ်ကို ဆင်နွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အရှေ့စည်းရွာ မြောက်ဘက်မှ လက်နက်ကြီး များဖြင့်တရစပ်ပစ်ခတ် ရင်း စစ်ကြောင်းထိုးခဲ့ကြောင်း၊ ပူးပေါင်းတပ်ဖွဲ့များက လည်း ကြံ့ကြံ့ခံ၍ ပြန်လည်ပစ်ခတ်ကြရာ စစ်ကောင်စီ ဘက်မှ(၁၀) ဦးထက်မနည်းကျဆုံးနိုင်ပြီး အများ အပြား ဒဏ်ရာရရှိကြကြောင်း CDF-KKG က တိုက်ပွဲသတင်းထုတ်ပြန်ထားသည်။
အကြမ်းဖက်စစ်ကောင်စီတပ်များအထိနာသောကြောင့် နောက်ပြန်ဆုတ်လျက်ရှိပြီး ၎င်းတို့ထံမှ MA2(၁) လက်၊ ကာဘိုင်(၂) လက်၊ ၅.၅၆ ကျည်(၈၀)ထောင့်၊ ဝ.၉၅ ကျည်(၂၀၀)ထောင့်၊ MA2 ကျည်အိမ်(၁) ခုနှင့် ကာဘိုင်ကျည်အိမ်(၃)ခုတို့ကို ပူးပေါင်းတပ်ဖွဲ့ များက သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
အဆိုပါတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရှေ့စည်းရွာမှ နေအိမ်နှစ်လုံးမီးလောင်ပျက်စီးခဲ့ကြောင်း၊ ပူးပေါင်းတပ်ဖွဲ့များထဲမှ RKDF တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ရပြီး တစ်ဦးဒဏ်ရာရရှိကာ PDF-Kalay မှနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
အထိနာသော အကြမ်းဖက်စစ်ကောင်စီတပ်များသည် အရှေ့စည်းရွာ၏ ရွာမြောက်ဘက်ပိုင်းသို့ ယာယီဆုတ်ခွာထားပြီး တိုက်ပွဲများ အချိန်မရွေး ပြန်လည်ဖြစ်ပွားနိုင်ခြင်းကြောင့် အရှေ့စည်းရွာနှင့် နီးစပ်ရာကျေးရွာများမှ ဒေသခံပြည်သူများမှာ ဘေးလွတ်ရာသို့ ရှောင်းတိမ်းနေရလျက်ရှိကြောင်း သိရသည်။
၂၀၂၂ခုနှစ်၊ ဧပြီလ(၂၇)ရက်နေ့၌ပင် ကလေး နည်းပညာတက္ကသိုလ်ဘက်မှ တောင်ပိုင်းဘက်သို့ စစ်ကြောင်းချီလာသော အကြမ်းဖက်စစ်ကောင်စီ အင်အား(၃၀)ခန့်သည်သာယာကုန်းရွာနှင့်ထောက်ကြန့် ရွာကြားအရောက်တွင် PDF(Kalay)တပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊ နေ့လယ်(၁)နာရီမှ ညနေ(၄)နာရီအထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ ၎င်းတိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်သား(၃)ဦး သေဆုံးခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သည် ရှေ့ဆက်မတိုးနိုင်ဘဲ နောက်ပြန်ဆုတ်ခဲ့ရကြောင်း သိရသည်။
၂၀၂၂ခုနှစ်၊ ဧပြီလ(၂၇)ရက်နေ့၊ နေ့လယ်(၂)နာရီခန့် တွင် ကလေးမြို့နယ်တောင်ပိုင်း ရေရှင်ရွာဘက်သို့ စစ်ကြောင်းထိုးရန်လာသော အကြမ်းဖက်စစ်ကောင်စီအင်အား (၁၀၀)ခန့်ကိုလည်း PDF(Kalay)တပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့သဖြင့် စစ်ကောင်စီတပ်များ အထိနာလျက်ရှိကြောင်း သိရသည်။
#PDFKalay #ကလေး #MPA #Myanmar