စစ်ကောင်စီက စစ်ကြောင်းနှစ်ခုဖြင့် တပြိုင်တည်း စစ်ကြောင်းထိုးနေသဖြင့် မြောင်မြို့အတွင်းရှိ ကျေးရွာများမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း မြောင်မြို့နယ် ပြည်သူကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) ၏ ထုတ်ပြန်ချက်အရ သိရသည်။
စစ်ကောင်စီဘက်မှ စစ်ကြောင်းထိုးမှုကို ယနေ့နံနက် ၆ နာရီကျော်အချိန်တွင် စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မြောင်မြို့နယ်အတွင်း ရွာစဉ်တောက်လျှောက် စစ်ကြောင်းထိုးနေသဖြင့် ယင်းဒေသရှိ ပြည်သူ တစ်သောင်းငါးထောင်ကျော်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု မြောင်မြို့နယ် ပြည်သူကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) ၏ တာဝန်ရှိသူတစ်ဦးက MPA သို့ အတည်ပြုသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်ကြောင်းထိုးရာလမ်းတွင် တွေ့ရသည့် အရပ်သားပြည်သူများကို စစ်အုပ်ချုပ်ရေးဥပဒေ လက်ဆုပ်ကိုင်ထားပြီး မင်းမဲ့ဆန့်စွာ ပစ်သတ်နေကာ စစ်ရာဇဝတ်မှုများကို ကျူးလွန်လျက်ရှိနေသည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။
လက်ရှိအချိန်အထိ အရပ်သား သုံးဦးသေဆုံးကာ သုံဦး ဖမ်းဆီးခံထားရပြီး စစ်ကောင်စီ စစ်ကြောင်းသည် ညနေပိုင်းတွင် အညွန့်ရွာဘက်မှ သာဒွန်းဘက်သို့ ဆက်လက်ချီတက်နေသည်ဟု မြောင်မြို့နယ် ပြည်သူကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) က ထုတ်ပြန်အသိပေးထားသည်။
“ စစ်ရေး၊ လက်နက်အင်အား၊ တိုက်ခိုက်အင်အား အပြည့်ဖြစ်နေတဲ့ နှစ် ၈၀ ကျော် တည်ဆောက်လာတဲ့ စစ်တပ်ကို ၂ နှစ်သား ပြည်သူ့စစ်သည်တွေက လက်နက်မပြည့်စုံသော်လည်း မာန်ခဲပြီး ကြည့်နေရတာပေါ့” ဟု CDSOM ၏ တာဝန်ရှိသူက ပြောပြသည်။
ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့ ညနေ ၃ နာရီခန့်ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဦးဆောင်ပါဝင်ကာ ပျူစောထီးနှင့် ရဲတပ်သားများပါဝင်သော စစ်ကြောင်း ၃ ကြောင်းသည် အာပီဂျီ ၇ လက်၊ စက်လက်ကြီး ၃ လက်၊ ၆၀ မမ နှင့် လက်နက်ငယ်များဖြင့် ပစ်ခတ်ပြီးနောက် မြောင်မြို့နယ်အတွင်းရှိ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) စခန်းနှင့် CRF စခန်းတို့ကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု CDSOM ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထိုသို့ စစ်ကောင်စီဘက်မှ တပ်ရင်း ၂ ရင်းစာခန့်ရှိသည့် စစ်ကြောင်းဖြင့် အင်အားသုံး စစ်ကြောင်းထိုး တိုက်ခိုက်ခဲ့ခြင်းဖြစ်သည့်အတွက် စခန်းနှစ်ခု မီးရှို့ခံရကာ ပြောက်ကျားဂျာကင် အထည် ၁၀၀၊ ပြောက်ကျားဦးထုပ် ၁၅၀၊ နွေဦးရောင်နီတံဆိပ်ပါ (တီရှပ်) ၆၀ ၊မိုင်း (Receiver) ၄၀၀၊ လက်လုပ်စိန်ပြောင်း ၂ လက်၊ လက်လုပ် လက်ပစ်ဗုံး ၃ လုံး၊ လက်လုပ် (၁၂ ဗို့ သေနတ်) ၁ လက်၊ ကျည် ၄ တောင့်၊ ယူနီဖောင်း (အနက်) ၆ စုံ၊ လယ်တိုဖိနပ် (အနက်) ၆ စုံ၊ပုခက် ၅ ခု၊ အီကွေမန့် ၁ ခု၊ Epson ပရင်တာ ၂ လုံး၊ 2900 ကတ်ထရစ် ၄ လုံး၊ ဓာတ်ခဲအစုံ ၁၃၄ လုံး၊ ကီးဘုတ်နှင့်မောက် ၃ စုံနှင့် ခေါက်ဆိုလာပြား ၃ ခု ဆုံးရှုံးခဲ့သည်ဟု မြောင်မြို့နယ် ပြည်သူကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) က အသိပေးသည်။